အစားထိုးမရသည့် ထိခိုက်ပျက်စီးမှု
ကျောက်စိမ်းတူးဖော်မှု၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များ








 
ဖားကန့်တွင် ကျောက်စိမ်းတူးဖော်နေပုံ၊ ဓာတ်ပုံ- တင်ထက်ပိုင်

၁၉၉၀ ခုနှစ် နှောင်းပိုင်းအချိန်က မြန်မာနိုင်ငံ မြောက်ဖျားရှိ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ ရွာအနီးတစ်ဝိုက်တွင် စိမ်းစိုအုပ်မှိုင်းနေသည့် တောအုပ်များဖုံးလွှမ်းနေသော တောင်တန်းများ၊ ကျားနှင့် အခြား တောရိုင်းတိရစ္ဆာန်များ မြင်တွေ့ခဲ့ရဖူးကြောင်း ရွယ်အောင်က သူမ၏ ဆယ်ကျော်သက်အရွယ် အတွေ့အကြုံကို ပြောပြသည်။

ယခုအခါ ထိုကျားများနှင့် တောရိုင်းတိရစ္ဆာန်များ မရှိကြတော့ပါ။

ဆယ်စုနှစ် နှစ်ခုကျော် ကြာပြီးသည့်အခါ ဖားကန့်၏ ရေမြေအနေအထားသည် ထင်ထင်ရှားရှား ပြောင်းလဲသွားခဲ့သည်။ နက်ရှိင်းမတ်စောက်လွန်းလှသော ကျောက်စိမ်းတွင်းများကြောင့် ယခင်က တောအုပ်များသည် ယခုအခါ ကျတ်တီးမြေအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ မြေတူးစက်များက ကျောက်စိမ်းထုတ်လုပ်ရန် မြေကြီးများ နေ့စဉ်တူးဆွထုတ်လျက်ရှိပြီး အဝါရောင်တောက်တောက် ထရပ်ကားများက ကျောက်စိမ်းလုပ်ကွက်များအကြား ခေါက်တုံ့ခေါက်ပြန် မောင်းနှင်သွားလာလျက် ရှိကြောင်း အသက် သုံးဆယ့်နှစ်နှစ် ရှိပြီဖြစ်သည့် ရွယ်အောင်က ဆိုပါသည်။

တူးဆွထုတ်လိုက်သည့် မြေကြီးများကို ဗရမ်းဗတာ စွန့်ပစ်၍သော်လည်းကောင်း၊ ပေရာချီမြင့်သည့် မြေစာပုံများအဖြစ်သော်လည်းကောင်း စုပုံလေ့ရှိသဖြင့် ရွယ်အောင်နေထိုင်ရာ ကျောက်စိမ်းမြေ ဖားကန့်ဒေသတွင် ရေနှင့် သားငါးအရင်းအမြစ်တို့ ညစ်ညမ်းလျက်ရှိသည်။ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများက ဖားကန့်မြို့ပြင် လုပ်ကွက်နေရာများရှိ တောတောင်များကို ဖောက်ခွဲ ဖြိုဖျက်ပြီး ၎င်းတို့၏ မှော်တွင်းများကို သွပ်ပြားများဖြင့် ကိုယ်စီ ကာရံထားကြသည်။

ဖားကန့်မြို့သည် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမှ ကားဖြင့် လေးနာရီခန့် အဝေးတွင်ရှိပြီး နှစ်စဉ် ဒေါ်လာဘီလီယံများစွာ တန်ဖိုးရှိသည့် ကမ္ဘာ့ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်း ထွက်ရှိရာဒေသ ဖြစ်သည်။ ကျောက်စိမ်းရှာဖွေရေးနှင့် တူးဖော်ရေးလုပ်ငန်းများက ဖားကန့်၏ ပထဝီမြေမျက်နှာသွင်ပြင် အနေအထားကို အပတ်စဉ် လျင်မြန်စွာ ပြောင်းလဲစေလျက်ရှိသည်။ ဖားကန့်ခရီးစဉ်တွင် လိုက်လံ လမ်းပြပေးခဲ့သည့် ဆိုင်ကယ်ယာဉ်မောင်းသည် ဒေသအနေအထားကို ကောင်းစွာသိသည့်တိုင် ကျွန်မနှင့်အတူ မှော်တွင်းများ သွားရောက်ကြည့်ရှုရာတွင် မကြာခဏ လမ်းပျောက်ခဲ့ပါသည်။


ဖားကန့်မြို့အနီး နေရာတစ်ခု၊ ဓာတ်ပုံ- တင်ထက်ပိုင်

ကချင်ပြည်နယ်သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အားအကြီးဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (Kachin Independence Army သို့ KIA) နှင့် မြန်မာတပ်မတော်တို့ကြားရှိ၊ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင်ြ့ပီး အကြောင်းအရင်းခံ ရှုပ်ထွေးလှသည့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ အချက်အချာဒေသတစ်ခု ဖြစ်သည်။ ထိုအဖွဲ့အစည်းနှစ်ခုလုံးက ကျောက်စိမ်းကုမ္ပဏီများထံမှ လုပ်ပိုင်ခွင့် အဖိုးခနှင့် ဆက်ကြေးများ တရားမဝင် ကောက်ခံကာ အကျိုးအမြတ်ရယူနေကြသည်ဟုလည်း ဆိုကြသည်။

KIAနှင့် မြန်မာတပ်မတော်အစိုးရတို့ ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခြင်း သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့သဖြင့် လက်နက်ကိုင်ပဋိပက္ခ ရပ်တန့်သွားခဲ့ပြီးနောက် ဒေသအတွင်း သတ္ထု၊ သယံဇာတ တူးဖော်မှု လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာခဲ့သည်။ အကြီးစားသတ္ထုတူးဖော်မှု လုပ်ငန်းများ စတင်လုပ်ကိုင်လာသည့် အချိန်သည် KIA နှင့် မြန်မာတပ်မတော်တို့ ကြား လက်နက်ကိုင်ပဋိပက္ခ ပြန်လည်စတင်သည့် ၂၀၁၁ ခုနှစ် ဝန်းကျင် အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။ ပဋိပက္ခကြောင့် KIA သည် ဖားကန့်နယ်မြေအတွင်း လုပ်ပိုင်ခွင့်အာဏာ တော်တော်များများ လျော့နည်းသွားပြီး တပ်မတော်က နယ်မြေအတွင်း ပိုမိုလွှမ်းမိုးလာခဲ့သည်။ သတ္ထုတွင်းလိုင်စင် ချထားပေးမှုကိုလည်း အစိုးရက ပိုမိုခြယ်လှယ်လာနိုင်ခဲ့သည်။ ဖားကန့်နယ်မြေသို့ နိုင်ငံခြားသားများ သွားရောက်ခွင့် မရှိသည့်အတွက် သယံဇာတထုတ်လုပ်ရေး လုပ်ငန်းများကို ပြင်ပမှ လာရောက်စိစစ်နိုင်ခြင်း မရှိပါ။

သတ္ထုတူးဖော်ရေးကုမ္ပဏီများ၊ တပ်မတော်နှင့် KIAတို့မှ ဝေစုအသီသီးယူဆောင်အပြီး အကြွင်းအကျန်များကို ဒေသခံများ၊ မြန်မာနိုင်ငံ၏ အခြားဒေသများမှ လာရောက်အလုပ်လုပ်ကြသည့် ရေမဆေး သို့ ကျောက်ရှာဖွေသူများက မျှဝေခံစားကြရသည်။ ဖားကန့်တွင် ရေမဆေးအဖြစ် လာရောက်လုပ်ကိုင်သူများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအလွန်နည်းပါးသည့် ဒေသများမှ ဖြစ်ပြီး အများစုမှာ ရခိုင်ပြည်နယ်မှ ဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းစစ်တမ်းက ဖားကန့်တွင် နေထိုင်သူပေါင်း ၃၁၂၂၇၈ ယောက် ရှိသည်ဟု ဖော်ပြထားသည်။ လူဦးရေ အဝင်အထွက်များပြီး အစဉ်ပြောင်းလဲနေတတ်သည့် ဖားကန့်၏ သဘာဝအရ ယင်းကိန်းဂဏန်းမှာ ယခုအချိန်တွင် အပြောင်းအလဲရှိနိုင်သော်လည်း ဒေသခံ လွှတ်တော်အမတ်များနှင့် တက်ကြွလှုပ်ရှားသူတို့က ထိုလူဦးရေအနက် ဖားကန့်တွင် အခြားဒေသမှ လာရောက်အလုပ်လုပ်သူ တရားဝင်နှင့် တရားမဝင် စုစုပေါင်း ဦးရေ သုံးသိန်းနီးပါး ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။ ကျောက်စိမ်းလုပ်ငန်းမှ ဒေသခံများ ခံစားရသည့် အကျိုးအမြတ်မှာ အင်မတန်နည်းပါးကြောင်းလည်း ဆိုကြသည်။

မြန်မာ့ကျောက်စိမ်းကဏ္ဍ၏ တန်ဖိုးပမာဏအတိအကျကို ခန့်မှန်းရန် ခက်ခဲပြီး မတူညီသော အဖွဲ့အစည်းပေါင်းစုံတို့၏ သုတေသန ကိန်းဂဏန်းအချက်အလက်များမှာလည်း ကွဲပြားနေသည်။ ကိန်းဂဏန်းအတိအကျသည် မည်မျှပင်ဖြစ်နေစေကာမူ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပတ်ဝန်းကျင်နှင့် လူမှုရေးအရ ထိခိုက်နစ်နာမှုများမှာ ပေါ်လွင်ထင်ရှားလွန်းလှသည်။

၁၉၈၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်ကြား၊ သုံးဆယ့်လေးနှစ်အတွင်း ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်၏ ရေမြေအနေအထား ပြောင်းလဲလာပုံကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။ ဂြိုဟ်တုဓါတ်ပုံများကို အသုံးပြုထားသည့်အတွက် ပုံများအားလုံးကို မြင်နိုင်ရန် အချိန်အနည်းငယ်ကြာမြင့်နိုင်ပါသည်။

 

ဖားကန့်နှင့် အခြားနိုင်ငံတကာ မြို့ကြီးများ၏ အရွယ်အစားကို နှိုင်းယှဉ်ပြထားသည့် ဂြိုဟ်တုဓာတ်ပုံ
ဖားကန့် ရန်ကုန်
စင်ကာပူ ဟောင်ကောင်
နယူးယောက် လန်ဒန်


ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ၏ လုပ်ကွက်မြေများအတွက် နေရာပြောင်းရွှေ့ပေးရသည့် ရွယ်အောင်ကဲ့သို့ ဖားကန့်ဒေသခံများ၏ အဖြစ်အပျက်မှာ အထူးအဆန်း မဟုတ်တော့ပါ။ ရွယ်အောင် ၁၉၉၆ ခုနှစ်ကတည်းက နေထိုင်ခဲ့သည့် ငိုးပင်းရွာသည် ၂၀၀၉ တွင်တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင်တစ်ကြိမ်၊ နှစ်ကြိမ် ပြောင်းရွှေ့ပေးခဲ့ရပြီး ဖြစ်သည်။

သယံဇာတ တူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ် (Extractive Industries Transparency Initiative သို့ EITI)၏ မြန်မာနိုင်ငံ ၂၀၁၅ - ၁၆ ဘဏ္ဍာရေးနှစ်အတွက် အစီရင်ခံစာအရ ပုဂ္ဂလိကကုမ္ပဏီ ၉ ခုသည် ငိုးပင်းရွာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကျောက်စိမ်းတူးဖော်ရန် ခွင့်ပြုချက်လိုင်စင် ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ရွယ်အောင်၏ ရွာအနီး လုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီက ရွယ်အောင်တို့ မိသားစုအတွက် ပြောင်းရွှေ့ခအဖြစ် သိန်း ၄၀၀ ပေးလျော်ခဲ့သည်။ (လက်တုံ့ပြန်မှုကို စိုးရိမ်သည့် ရွယ်အောင်၏ တောင်းဆိုချက်အရ ယင်းကုမ္ပဏီ၏ အမည်ကို ယခုဆောင်းပါးတွင် ဖော်ပြထားခြင်း မရှိပါ။) ကုမ္ပဏီများသည် မှော်များအတွင်း ၎င်းတို့၏ လုပ်ငန်းသုံးကားများ သွားလာနိုင်ရန်နှင့် ရွာသူရွာသားများ ပြောင်းရွှေ့နေထိုင်ရန် စွန့်ပစ်မြေစာနှင့် ကျောက်စများကို ဖို့ကာ နေရာများ ပြုလုပ်ပေးခဲ့သည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကြား၊ လေးနှစ်အတွင်း ကျောက်စိမ်းတူးဖော်မှုကြောင့် ငိုးပင်ရွာ၏ ရေမြေအနေအထား ပြောင်းလဲလာပုံကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။ ဂြိုဟ်တုဓါတ်ပုံများကို အသုံးပြုထားသည့်အတွက် ပုံများအားလုံးကို မြင်နိုင်ရန် အချိန်အနည်းငယ်ကြာမြင့်နိုင်ပါသည်။

ငိုးပင်ရွာ၏ ဂြိုဟ်တုဓာတ်ပုံများ၊ ၂၀၁၃ နှင့် ၂၀၁၆ ခုနှစ်


ငိုးပင်ရွာအနီး ကျောက်စိမ်းတွင်းများ၊ ဓာတ်ပုံ- တင်ထက်ပိုင်

၂၀၁၈ ခုနှစ် မတ်လက သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဖားကန့်မှော်များအနီး နေထိုင်သူအချို့ကို တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။ ၎င်းတို့အားလုံးသည် ကျောက်စိမ်းလုပ်ကွက်များအတွက် တစ်ကြိမ်ထက်မနည်း ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုပါသည်။ ကုမ္ပဏီများထံမှ ရွှေ့ပြောင်းခအဖြစ် လျော်ကြေးပေးရမည်ဟူ အမြဲတမ်း ပုံသေယူဆ၍ မရဘဲ ပေးလျှင်သော်မှ သတ်သတ်မှတ်မှတ် မဟုတ်ပါဟုလည်း ဆိုကြသေးသည်။


ငိုးပင်းကျေးရွာကဲ့သို့ အလားတူပင် သာယာကုန်းရွာမှာလည်း ၁၉၉၂ မှ ၂၀၁၈ ခုနှစ်အတွင်း မူလနေရာမှ သုံးကြိမ်တိုင် ပြောင်းရွှေ့ပေးခဲ့ရသည်ဟု သိရသည်။ သာယာကုန်းရွာတွင် အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ခန့် နေထိုင်သည်။ ရွာ၏ လက်ရှိတည်နေရာသည် တောင်နှစ်တောင်ကြားတွင်ရှိပြီး လုပ်ကွက်မှော်တွင်းများနှင့် အလွန်နီးကပ်သည်။ ၂၀၀၇ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ပြောင်းရွှေ့ခဲ့ရစဉ်က နေထိုင်သည့် အိမ်အပေါ်မူတည်ပြီး အိမ်ခြေတစ်အိမ်လျှင် ၁၅ သိန်းနှင့် သိန်း ၃၀ ကြား ရွှေ့ပြောင်းခအဖြစ် လျော်ကြေးရခဲ့သည်ဟု သိရသည်။ ရွာမှ မိသားစုအများစုမှာ ကုမ္ပဏီများက စွန့်ပစ်သည့် မြေစာပုံများထဲတွင် အဖိုးတန်နိုင်မည့် ကောင်းနိုးရာရာ ရေမဆေးကျောက် ရှာဖွေကာ အသက်မွေးဝမ်းကျောင်း ပြုကြရသူများ ဖြစ်သောကြောင့် ပြောင်းရွှေ့ရမည့် အခြေအနေရောက်လျှင် ဒေသခံများအနေဖြင့် ညှိနှိုင်းနိုင်စွမ်း နည်းပါးသည်။ ခရီးစဉ်အတွင်း မေးမြန်းခွင့် ရခဲ့သည့် ကျောက်ရှာဖွေသူများ၏ ပြောပြချက်အရ ရေမဆေးကောက်ရာတွင် သူတို့အနေဖြင့် ၁၀ သိန်းအထက် တန်ဖိုးရှိသည့် ကျောက်မရကြသည်မှာ နှစ်ချီနေပြီ ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကြား၊ လေးနှစ်အတွင်း ကျောက်စိမ်းတူးဖော်မှုကြောင့် သာယာကုန်းရွာနှင့် သက်ကယ်ကုန်းရွာတို့၏ ရေမြေအနေအထား ပြောင်းလဲလာပုံကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။ ဂြိုဟ်တုဓါတ်ပုံများကို အသုံးပြုထားသည့်အတွက် ပုံများအားလုံးကို မြင်နိုင်ရန် အချိန်အနည်းငယ်ကြာမြင့်နိုင်ပါသည်။

သာယာကုန်းနှင့် သက်ကယ်ကုန်းရွာတို့၏ ဂြိုလ်တုဓာတ်ပုံများ၊ ၂၀၁၃ နှင့် ၂၀၁၆ ခုနှစ်

သာယာကုန်းနှင့် သက်ကယ်ကုန်းရွာတို့၏ ဂြိုလ်တုဓာတ်ပုံများ၊ ၂၀၁၃ နှင့် ၂၀၁၆ ခုနှစ်

သက်ကယ်ကုန်းရွာ၏ တောင်ခြေတွင် ကျောက်စိမ်းတူးဖော်မှုများကြောင့် မြေပြိုမှုအန္တရာယ် ကြုံတွေ့နေရသည်၊ ဓာတ်ပုံ - တင်ထက်ပိုင်

၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကြား၊ လေးနှစ်အတွင်း ကျောက်စိမ်းတူးဖော်မှုကြောင့် ကထန်ရွာ၏ ရေမြေအနေအထား ပြောင်းလဲလာပုံကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။ ဂြိုဟ်တုဓါတ်ပုံများကို အသုံးပြုထားသည့်အတွက် ပုံများအားလုံးကို မြင်နိုင်ရန် အချိန်အနည်းငယ်ကြာမြင့်နိုင်ပါသည်။

ကထန်ရွာ၏ ဂြိုလ်တုဓာတ်ပုံများ၊ ၂၀၁၃ နှင့် ၂၀၁၆ ခုနှစ်။ မူလနေရာ တောင်ခြေမှ ညာဘက်ပုံတွင် တွေ့မြင်ရသည့် စွန့်ပစ်မြေစာများပေါ်တွင် ရှိသော ရွာနေရာသို့ ၂၀၀၉ ခုနှစ်တွင် ပြောင်းရွှေ့လာခဲ့သည်။ ရွာသားများမှာ ကျောက်စိမ်းကုမ္ပဏီများ ဆုံးဖြတ်သည့်အတိုင်း လျော်ကြေးယူရသည်။







မကြာခဏ မြေပြိုမှုများကြောင့် လူ့အသက် ရာပေါင်းများစွာ သေဆုံးခဲ့ရ








 

သာယာကုန်းရွာအနီးရှိ သက်ကယ်ကုန်းရွာသည် ယခုလက်ရှိနေထိုင်ရာ တောင်ပေါ်သို့ လွန်ခဲ့သော ဆယ်နှစ်ခန့်က ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ တောင်ခြေအနီး ကျောက်စိမ်းလုပ်ကွက်များတွင် တူးဖော်ရေးများ အကြီးအကျယ် လုပ်ကိုင်နေပြီး ဒေသအာဏာပိုင်များနှင့် ကုမ္ပဏီများက ရွာခံများကို ထပ်မံရွှေ့ပြောင်းရန် အကြောင်းကြားထားသည်။ ၂၀၁၈ ခုနှစ်အစောပိုင်းတွင် မြေပြိုကျသဖြင့် တောင်စောင်းနားရှိ အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားကြောင်း သိရသည်။ ကျွန်မ၏ သုတေသနခရီးတွင် တောင်ပေါ်သို့ တက်နေစဉ် တောင်စောင်းတစ်နေရာတွင် မြေသားများ တစ်ဖြည်းဖြည်းချင်း ပြိုကျနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ယိုယွင်းနေသည့် တောင်၏ မြေအနေအထားက ကျောက်စိမ်းကုမ္ပဏီများနှင့် ရွှေ့ပြောင်းခ ညှိနှိုင်းနေဆဲ ရွာသူရွာသားများကို မကြာမီအချိန်အတွင်း အန္တရာယ်ပေးနိုင်သည်ကို အထင်အရှား မြင်ခဲ့ရသည်။

ဖားကန့်ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေပြိုခြင်း၊ ဗီဒီယို - ဇော်မိုးထက်

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကုမ္ပဏီများအတွက် ပုံမှန်ခွင့်ပြုသည့် ကျောက်စိမ်းတွင်းလုပ်ကွက် အကျယ်အဝန်းမှာ တစ်ဧက ဖြစ်သည်။ အကြီးစားကျောက်စိမ်းလုပ်ကွက်များကို တားဆီးရန် ယင်းအကျယ်အဝန်းကို အစိုးရက သတ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသော်လည်း ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများသည် ဘေးချင်းကပ် လုပ်ကွက်လိုင်စင်များစွာ ရယူပြီး ယင်းကန့်သတ်ချက်ကို ဝိနည်းရှောင်ကာ လုပ်ကိုင်ကြသည်။ ဥပမာအားဖြင့် EITI အစီရင်ခံစာတွင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လုံးခင်းရတနာနယ်မြေ၊ ဆမားမှော်နေရာတွင် သက်တမ်းရှိ လုပ်ကွက်လိုင်စင်ပေါင်း ၇၀ ပါဝင်သည်။ ယင်းလုပ်ကွက်များကို စောင်းတာရာကြယ်ကျောက်မျက်နှင့် ဖုသျှကြယ် ကုမ္ပဏီ နှစ်ခုထဲကသာ လိုင်စင်များ ရယူထားခြင်း ဖြစ်ပြီး လိုင်စင်ပေါင်း ၅၀ နှင့် ၂၀ အသီးသီးရှိသည်။ ၎င်းတို့အားလုံးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက သုံးနှစ် သက်တမ်းဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်သဖြင့် ၂၀၁၉ ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ခဲ့ပြီ ဖြစ်သည်။

ယင်းကဲ့သို့ အကျယ်အဝန်း သတ်မှတ်မှုကြောင့် ကျောက်စိမ်းတူးဖော်သူများအနေဖြင့်လည်း ၎င်းတို့၏ လုပ်ငန်းများကို အန္တရာယ်ကင်းရှင်းစေရန် တာဝန်သိသိဖြင့် အစီအစဉ်ချထား လုပ်ဆောင်ရန် မဖြစ်နိုင်သည့် အခြေအနေ ရောက်ရှိလာသည်။ လိုင်စင်တစ်ခုချင်းစီ၏ အရွယ်အစားမှာ အလွန်သေးငယ်သောကြောင့် ကုမ္ပဏီများက ၎င်းတို့ ကျောက်စိမ်းတွင်းများမှ စွန့်ပစ်မြေစာများကို မိမိတို့၏ လုပ်ကွက်တွင် အသေအချာ စီမံဆောင်ရွက်ခြင်း မပြုနိုင်တော့ပါ။

ဖားကန့်ကျောက်စိမ်းနယ်မြေတွင် စွန့်ပစ်မြေစာအတွက် နေရာ ၁၀ ခုခန့် အစိုးရက သတ်မှတ်ပေးထားသော်လည်း လုပ်ကွက်များမှ နေ့စဉ်ထွက်ရှိလာသည့် မြေစာပမာဏအတွက် လုံလောက်မှု မရှိပါ။ မြေစာပစ်ရန် နေရာများသည် လုပ်ကွက်နေရာများနှင့် အလှမ်းဝေးပြီး စွန့်ပစ်သည့်ကားများကို သေချာစိစစ်ခြင်းလည်း နည်းပါးသည်။ ထို့ကြောင့် မြေသယ်သည့် ထရပ်ကားများသည် စွန့်ပစ်မြေစာများကို အဆင်ပြေသည့်နေရာတွင် ကြုံသလို ပစ်လိုက်ကြသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်။

ဖားကန့်ရှိ စွန့်ပစ်မြေစာပုံများသည် ထုထည်ကြီးမားပြီး အလွန်မြင့်မားသည့်အတွက် ကုမ္ပဏီများက ကျောက်တူးဖော်ရန် တောင်များဖောက်ခွဲသည့်အခါနှင့် မိုးသည်းထန်သည့်အခါများတွင် အကြီးစား မြေပြိုမှုများ ဖြစ်လာသည်။ ဖားကန့်ကျောက်စိမ်းလုပ်ကွက်များအတွင်း မြေပြိုမှုသတင်းသည် မကြာခဏ ကြားနေရသည့် သတင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်များအတွင်းက ဖြစ်ပွားခဲ့သည့် မြေပြိုမှုများကြောင့် ကျောက်စိမ်းကုမ္ပဏီများက ခန့်အပ်ထားသည့် ဝန်ထမ်းများနှင့် ရေမဆေးအလုပ်သမား ရာပေါင်းများစွာ အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရသည်။ ပြည်တွင်း၊ ပြည်ပ သတင်းဌာနများ၏ ဖော်ပြချက်များအရ ဇန်နဝါရီလ ၂၀၁၅ ခုနှစ်မှ ဇူလိုင်လ ၂၀၁၈ ခုနှစ် အတွင်း မြေပြိုမှုကြောင့် သေဆုံးသူ စုစုပေါင်း ၂၄၅ ဦး ရှိခဲ့သည်ဟု သိရသည်။ ခန္ဓာကိုယ်အလောင်း ပြန်ရှာမတွေ့သူများလည်း ရှိသဖြင့် သေဆုံးသူ အရေအတွက် အမှန်မှာ ၂၄၅ ဦးထက် ပိုများနိုင်သည်။ နိုဝင်ဘာလ ၂၀၁၅ ခုနှစ် ကံခါရွာအနီး ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် အနည်းဆုံး ၁၁၃ ယောက် သေဆုံးခဲ့သည်။ အလောင်းပြန်လည် ရှာမတွေ့သည့် အလုပ်သမား ၁၀၀ကျော်ကိုမူ အာဏာပိုင်များက ပျောက်ဆုံးစာရင်းအဖြစ် သတ်မှတ်ခဲ့သည်။

ဖားကန့်ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေပြိုခြင်း ၊ ဗီဒီယို - ဇော်မိုးထက်

၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကြား၊ လေးနှစ်အတွင်း ကျောက်စိမ်းတူးဖော်မှုကြောင့် ကံခါရွာ၏ ရေမြေအနေအထား ပြောင်းလဲလာပုံကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။ ဂြိုဟ်တုဓါတ်ပုံများကို အသုံးပြုထားသည့်အတွက် ပုံများအားလုံးကို မြင်နိုင်ရန် အချိန်အနည်းငယ်ကြာမြင့်နိုင်ပါသည်။

ကံခါရွာ၏ ဂြိုလ်တုဓာတ်ပုံများ၊ ၂၀၁၃ နှင့် ၂၀၁၆ ခုနှစ်








တွက်ချက်မရနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆုံးအရှုံးများ








 

ဖားကန့်မြို့ကိုဖြတ်ကာ စီးဆင်းသွားသည့် ဥရုချောင်းနှင့် ၎င်း၏ချောင်းလက်တက်များထဲသို့လည်း ကုမ္ပဏီများက စွန့်ပစ်မြေစာများကို ပုံချလေ့ရှိသည်။ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးတင့်စိုးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး တက်ကြွလှုပ်ရှားသူ ကိုနောင်လတ်တို့က လုပ်ကွက်များ စတင်တွယ်ကျယ်လာသည့် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ယင်းကဲ့သို့ စည်းကမ်းမဲ့စွာ စွန့်ပစ်သည့်အတွက် မြေစာများ ချောင်းအတွင်း အနည်ထိုင်ကာ ဥရုချောင်း၏ကြမ်းပြင်သည် မူလထက် ပေ ၂၀ ခန့် မြင့်တက်လာသည်၊ မူလက ချောင်းလက်တက်ပေါင်း ၂၃ ခုခန့် ရှိသော်လည်း ယခုအခါ တစ်ဒါဇင်ကျော် တိမ်ကောသွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။ ဇွန်လနှင့် အောက်တိုဘာလအကြား မိုးတွင်းအခါ ချောင်းတစ်လျှောက်ရှိ ကျေး ရွာများတွင် ရေကြီးရေလျှံမှုများလည်း မကြာခဏ ဖြစ်လေ့ရှိသည်။

“အခုဒီမှာ ရေနေသတ္တဝါ မျိုးစိတ်တွေဟာ အတော်လေးကို ရှားပါးသွားပြီ။ တစ်ချိန်ကဆိုရင် ဥရုချောင်းဟာ နာမည်ကြီးတယ်။……… ငါးတွေမှ တကယ့်ကို ဖျာခင်းထားသလိုပဲ…. ရေက ကြည်လင်နေတော့ ချောင်းကြမ်းပြင်က ကျောက်တုံးတောင် မြင်နေရတယ်” ဟု ဦးတင့်စိုးက ပြောပြသည်။

ယင်းကဲ့သို့ ရေထုညစ်ညမ်းမှု၏ လက်ငင်းအကျိုးဆက်တစ်ခုမှာ ရေကောင်းရေသန့်အရင်းအမြစ် ရှားပါးသွားခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ရသည့် ဒေသခံများ၏ အဆိုအရ ရေအနည်းငယ်ကြည်လင်သည့် နေရာမှာ ဥရုချောင်းတစ်လျှောက်တွင် နှစ်နေရာခန့်သာ ရှိတော့သည်။ ဖားကန့်တွင်၊ အထူးသဖြင့် ရွှေ့ပြောင်းနေထိုင်ရသည့် နေရာများတွင်၊ တွင်းရေရှားပါးမှုကို ရင်ဆိုင်နေရသောကြောင့် မိုးတွင်းတွင် ရေခံသိုလှောင်ပြီး တစ်နှစ်လုံးသုံးကြရသည်။ အချို့ မိသားစုများက ကိုယ်တိုင်စီမံနိုင်သော်လည်း အချို့မှာ ကျောက်စိမ်းကုမ္ပဏီများက ဒေသခံများအတွက် ပြန်လည်လုပ်ဆောင်ပေးသော လူမှုရေးအစီအစဉ်တစ်မျိုးဖြစ်သည့် ရေပေးဝေရေးအစီအစဉ်များထံမှ ရယူသုံးစွဲကြရသည်။ အချို့မှာမူ စီးပွားဖြစ် ရေပေးဝေရေးလုပ်ငန်းများ ထူထောင်ပြီး အကျိုးအမြတ်ရှာကြသည်။ ရေ ၁ ယူနစ်လျှင် ၂၀၀၀ ကျပ် ကျသင့်ပြီး မိသားစုဝင် ၃ ဦး ရှိသည့် အိမ်ထောင်တစ်စုသည် တစ်ရက်လျှင် အနည်းဆုံး ရေ ၂ ယူနစ်ခန့် ပျမ်းမျှသုံးစွဲသောကြောင့် ရေစရိတ်အတွက်သက်သက် ၄၀၀၀ ကျပ်ခန့် သုံးစွဲနေရသည်။ ထိုပမာဏမှာ များပြားလှကြောင်း မြန်မာနိုင်ငံ၏ တရားဝင် အနည်းဆုံးနေ့စားလုပ်ခဖြစ်သည့် ၄၈၀၀ ကျပ်နှင့် နှိုင်းယှဉ်လျှင် သိနိုင်ပါသည်။ ဖားကန့်၏ ရေနှင့် လေထု အရည်အသွေးကို သုတေသနပြုလုပ်ရန် အရေးကြီးလိုအပ်နေပြီဟု ကိုနောင်လတ်က ဆိုပါသည်။

ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်သက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ်လျှောက်ထားခြင်းကို ၂၀၁၆ ခုနှစ် ဇူလိုင်လကတည်းက မြန်မာအစိုးရက ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ ကျောက်စိမ်းတူးဖော်မှုများ၏ အကျိုးဆက်ကြောင့် ဖားကန့်ဒေသသည် ယခုအခါ သစ်ပင်နှင့် သီးနှံများ စိုက်ပျိုး၍ မဖြစ်ထွန်းနိုင်တော့သည့် ဖုန်တလိမ်းလိမ်းနှင့် ကျတ်တီးမြေစာပုံကြီး အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင် အပျက်အစီးများကို ပြန်လည်ပြုပြင်နိုင်ရန် ဆယ်စုနှစ်မြောက်မြားစွာ ပြန်လည်အချိန်ယူ ကုစားရပါလိမ့်မည်။

မှော်လုပ်ကွက်များကို လိုက်လံပြသပေးသည့် ဆိုင်ကယ်ယာဉ်မောင်း လူငယ်ကလေးက “ဟိုးဘက်က တောင်တွေ တွေ့လား။ နောက်တစ်ခေါက်လာရင် အဲဒီတောင်တွေ ရှိတော့မှာ မဟုတ်ဘူး” ဟု လုပ်ကွက်တွင်းတစ်ခု အနောက်ဘက်ရှိ ဖြိုဖျက်မခံရသေးသော တောင်အချို့ကို လက်ညှိုးညွှန်ရင်း ပြောခဲ့ပါသည်။

ဖားကန့်သည် ဒေါ်လာဘီလီယံများစွာ တန်ဖိုးရှိသည့် ကျောက်စိမ်းမြေ ဖြစ်နေသော်လည်း ၎င်း၏ စိုးရိမ်ဖွယ် အပြောင်းအလဲများက ဒေသခံများကို စိတ်လုံခြုံမှု ကင်းမဲ့စေသည်။ “နောက်ထပ်လုပ်ကွက်တစ်ခု ရောက်လာလို့ ထပ်ပြီး ပြောင်းရဦးမလားဆိုတာ ဘယ်လိုလုပ် သိမလဲ” ဟု ရွယ်အောင်က ညည်းညူလိုက်သည်။



တင်ထက်ပိုင်သည် ရန်ကုန်မြို့ အခြေစိုက် စာရေးသားသူနှင့် ဓာတ်ပုံရိုက်ကူးသူတစ်ဦး ဖြစ်သည်။ လက်ရှိတွင် သူမသည် စုံစမ်းထောက်လှမ်း သတင်းများ ရေးသားသည့် Myanmar Now သတင်းဋ္ဌာနတွင် အကြီးတန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေသည်။ ၂၀၁၄ မှ ၂၀၁၈ နှစ်ဦးပိုင်းအထိ မြန်မာနိုင်ငံရှိ ဧရာဝတီသတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ရိုက်တာသတင်းဌာနအယ်လ်ဂျာဇီးရားသတင်းဌာန၏ "101 East" အစီအစဉ်နှင့် "Roads & Kingdoms" ဝက်ဆိုဒ်တို့ အတွက်လည်း အလွတ်တန်းအဖြစ် လုပ်ကိုင်ပေးခဲ့သည်။

ဤဆောင်းပါးပါ အချက်အလက်များသည် ရေးသားသူ တင်ထက်ပိုင်၏ ယူဆချက်များသာ ဖြစ်ပြီး Natural Resource Governance Institute ၏ သဘောထား၊ လုပ်ငန်းများနှင့် သက်ဆိုင်ခြင်း မရှိပါ။